ဦးမောင်မောင်လှိုင်၏ကိုယ်ရေးမှတ်တမ်း

  • ဦးမောင်မောင်လှိုင်ကို ၁၉၆၇ ခုနှစ်၊ မတ်လ ၉ရက်နေ့တွင် အဖဦးကြိုက်လှိုင်၊ အမိဒေါ်လှမြင့်တို့မှ မွေးဖွား သန့်စင်ခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ဇာတိဖြစ်ပါသည်။ ၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ အမှတ် (၁၅) အခြေခံပညာမူလတန်းကျောင်း၊ တာမွေမြို့နယ်တွင် မူလတန်းပညာကို သင်ယူအောင်မြင်ခဲ့ပါသည်။ ၁၉၇၈ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ လမ်းမတော်မြို့နယ် (စိန့်ဂျွန်းကျောင်း)တွင် ပညာဆက်လက်ဆည်းပူးခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သင်္ချာ ဂုဏ်ထူးဖြင့် ထူးချွန်စွာ ဖြေဆို အောင်မြင်ခဲ့ပါသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးနောက် မိသားစု စီးပွားရေးလုပ်ငန်းဖြစ်သော အထည်ချုပ်လုပ်ငန်းကို အောင်မြင်စွာဦးဆောင်လုပ်ကိုင်ခဲ့ပါသည်။
  • ငွေစက္ကူနှစ်ကြိမ်အသိမ်းခံရပြီးသည့်နောက် ၁၉၈၈ ခုနှစ်တွင် သပိတ်တိုက်ပွဲသို့ဝင်ရောက်ခဲ့သည်။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်နေ့ ဗမာတစ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) ဖွဲ့စည်းချိန်တွင် လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီတွင်တာဝန်ထမ်းဆောင်ခဲ့သည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဖွဲ့စည်းပြင်ဆင်ရာတွင်လည်းပါဝင် ကူညီခဲ့သည်။ ထို့အပြင် အိန္ဒိယနိုင်ငံ၌ ကျောင်းသားတပ်မတော် (AB) ဖွဲ့ရန် ကြိုးပမ်းခဲ့သည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ကာလအနီးတွင် တော်လှန်ရေးလုပ်ငန်းများကိုရပ်ကာ စီးပွားရေး လုပ်ငန်းများကိုသာ ပြန်လည် လုပ်ကိုင်ခဲ့ပါသည်။
  • ၁၉၉၇ – ၁၉၉၈ ခုနှစ်များတွင် Yangon City Hotel ၏ Front Office Department တွင် စတင်ဝင်ရောက် လုပ်ကိုင်ခဲ့ပါသည်။ ၁၉၉၉ ခုနှစ်တွင် Arrow Pests Busters Enterprise ကိုစတင်တည်ထောင်ခဲ့ပြီး ကြိုးစားလုပ်ကိုင်ဆောင်ရွက်မှုများကြောင့် လုပ်ငန်းတူများအကြားတွင်း ဦးဆောင်သူဖြစ်ခဲ့ပါသည်။ ၂၀၀၇ ခုနှစ်တွင် ချောင်းသာကမ်းခြေ၌ RHYTHM စားသောက်ဆိုင်နှင့် တည်းခိုခန်းလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်ခဲ့ပြီး ကမ္ဘာကျော် Lonely Planet ခရီးသွားကြော်ငြာထဲတွင် ကြော်ငြာခြင်း ခံရသည်အထိ အောင်မြင်မှုရရှိခဲ့ပါသည်။ ၂၀၀၃ ခုနှစ်မှစ၍ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ တောင်ပိုင်း နှင့်မြောက်ပိုင်း မြို့နယ်များ၊ လှိုင်သာယာ၊ သန်လျင်၊ သီလဝါ အစရှိသည့် မြို့နယ်များမှ မူလတန်းကျောင်းများကို ကျန်းမာရေးအခမဲ့ဝန်ဆောင်မှုများပေးခဲ့သည်။ ထိုကဲ့သို့ အောင်မြင်ခဲ့သော စီးပွားရေးလုပ်ငန်းများကို ၂၀၁၃ – ၂၀၁၄ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ပြီး မူလဝါသနာပါရာ နိုင်ငံရေးလောက ထဲသို့ ပြန်လည်ဝင်ရောက်ခဲ့ပါသည်။
  • ၂၀၁၅ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (တစ်သီးပုဂ္ဂလ)အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် ၈၈မျိုးဆက်များနှင့် မျိုးဆက်အသီးသီးတို့၏ နိုင်ငံရေးပါတီ တစ်ရပ် ပေါ်ထွန်းလာရေးကိစ္စတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် ပြည်သူ့ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေပါသည်။ နိုင်ငံတကာအတွေ့အကြုံများအနေဖြင့် ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ကမ္ဘောဒီးယား၊ လာအို၊ ဂျပန်၊ ကာတာနှင့် ဂျာမနီ စသည့်နိုင်ငံများသို့ လည်ပတ်သွားလာ လေ့လာ၍ သင်တန်းများ တက်ခဲ့သည်။
  • ယခုလက်ရှိနေထိုင်ရာ ဗိုလ်မင်းရောင်အိမ်ရာသို့ ၂၀၁၇ ခုနှစ်တွင် စတင်ပြောင်းရွှေ့ခဲ့ပြီး ထိုအချိန်မှစ၍ လိုအပ်ချက်အရ ဖွဲ့စည်းခဲ့သော ဗိုလ်မင်းရောင်အိမ်ရာ သာယာရေးကော်မတီတွင် ကော်မတီ ဥက္ကဌအဖြစ် လက်ရှိအချိန်အထိ တာဝန်ယူ ဆောင်ရွက် လျက်ရှိပါသည်။၂၀၁၈ ခုနှစ် တွင် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်အတွင်း Spectrum Garden ပညာဒါနအား စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး အလုံးစုံ အခမဲ့ပညာရေးစနစ်ဖြင့် တက္ကသိုလ်ဝင်တန်းကျောင်းသား၊ကျောင်းသူများအား ယနေ့အထိပံ့ပိုးကူညီပေးလျက်ရှိသည်။